Skip to main content

မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာ ၁၈၃၀ ဝန်းကျင်ဖြင့် အရောင်းဝယ်ဖြစ်နေ

စစ်တပ်က အာဏာသိမ်းပြီး ၇ လအကြာတွင် ဒေါ်လာဈေးဆက်တိုက်မြင့်တက်ကာ မှော်ခိုဈေး ကွက်ပေါ်ပေါက်နေသည်။ (ဓာတ်ပုံ − EPA/EFE)
 ရန်ကုန်မြို့ရှိ ဒေါ်လာမှောင်ခိုဈေးကွက်တွင် ယနေ့ (စက်တင်ဘာ ၅) အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၃၀ ကျပ်ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်နေပြီး ၁၉၀၀ ကျပ်ပေးမည်ဟု ဈေးခေါ်ယူမှုများပင် ရှိနေကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောသည်။

နိုင်ငံတွင်း၌ စစ်ရေးအခြေအနေ တင်းမာလာခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ရွှေနှင့် ဒေါ်လာ ဝယ်ယူစုဆောင်းသူ များလာပြီးနောက် ယခုကဲ့သို့ အမေရိကန်ဒေါ်လာဈေး တရှိန်ထိုးမြင့်တက် နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ကျပ်ငွေကို ဘယ်သူမှ လက်ထဲမထားချင်တော့ ဒေါ်လာနဲ့ရွှေကို ဝယ်နေကြတာ” ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြင်ပမှောင်ခိုဈေးကွက်တွင် အနည်းဆုံး ဒေါ်လာသောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဝယ်လိုအားရှိနေပြီး ရောင်းချသူ အနည်းငယ်သာရှိသည်ဟု ၎င်းက ဆက်ပြောသည်။ 

နိုင်ငံအနှံ တိုက်ပွဲများဖြစ်လာနိုင်သည်ဟူသော ယူဆချက်ကြောင့် ကျပ်ငွေအစား ရွှေနှင့် ဒေါ်လာ ဝယ်ယူ စုဆောင်းနေကြခြင်းဖြစ်နိုင်သည်ဟုလည်း အဆိုပါ ငွေလဲကောင်တာလုပ်ငန်းရှင်က သုံးသပ်သည်။

ပြီးခဲ့သည့် သောကြာနေ့ဖြစ်သည့် စက်တင်ဘာ ၃ တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ရည်ညွန်းဈေး တစ်ဒေါ်လာကို ၁၇၀၈ ကျပ် ဈေးဖွင့်ခဲ့သော်လည်း ရန်ကုန်ရှိ ငွေလဲကောင်တာများ၌ ယနေ့ တွင် တစ်ဒေါ်လာကို ၁၇၂၂ ကျပ် ဈေးဖွင့်ထားသည်။ 

ထိုနှုန်းထားသည် ပြင်ပပေါက်ဈေးနှင့် အဆမတန်ကွာ၍ အရောင်းအဝယ်မလုပ်နိုင်တော့ဘဲ လုပ်ငန်း  ရပ်ဆိုင်းထားရသည်ဟု ဗိုလ်တထောင်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

အခြားငွေလဲလုပ်ငန်းရှင်တစ်ဦးကလည်း ၎င်းတို့အနေဖြင့် ဗဟိုဘဏ်ပေါက်ဈေးအတိုင်း ဈေးဖွင့်လှစ်ထားသော်လည်း အဆိုပါနှုန်းဖြင့် လက်တွေ့ မရောင်းချနိုင်ကြောင်း ပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားဖြစ်နေပြီး လက်တွေ့အရောင်းအဝယ်မဖြစ်သော်လည်း တစ်ဒေါ်လာ ၁၉၀၀ ကျပ်ဈေးခေါ်နေသူများလည်း ရှိသည်ဟု ဆိုသည်။ 


ဒေါ်လာဈေးနည်းတူ ရွှေဈေးလည်း မြင့်တက်လာပြီး စက်တင်ဘာ ၄ တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၇ သိန်း ရှစ်သောင်းပေါက်ဈေးရှိပြီး လေးရက်အတွင်း ကျပ်ရှစ်သောင်းကျော် မြင့်တက်လာခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။ 

စစ်ကောင်စီ၏ဗဟိုဘဏ်က ဒေါ်လာဈေးကျဆင်းစေရန် စစ်အာဏာသိမ်းပြီး ၇ လတာအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ထုတ်ရောင်းခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း  အမှန်တကယ် ဈေးကွက်ထဲ ရောက်ရှိခြင်း ရှိမရှိ မသိရပေ။ 

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့ ပိုလျှံနေသည့် ဒေါ်လာများကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်း ဘဏ် များတွင်ပြန်လည်ရောင်းချရန် စစ်ကောင်စီက စက်တင်ဘာ ၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ 

အာဏာ မသိမ်းမီ အရပ်သားအစိုးရလက်ထက်ဖြစ်သည့် ဇန်နဝါရီ ၂၉ တွင် အမေရိကန်တစ်ဒေါ်လာကို ၁၃၃၇ ကျပ်သာ ပေါက်ဈေးရှိခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)



Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်