Skip to main content

(၁၈) နှစ် ကြာအောင် ဇာတ်လမ်းတည်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်သုံးကား . . (သို့မဟုတ်) အလှဆုံး အရှည်လျားဆုံး အချစ်ကဗျာကလေး



အမေရိက က လာတဲ့ ကောင်လေးတစ်ယောက်။ နာမည်က Jesse တဲ့။

ပြင်သစ်က လာတဲ့ ကောင်မလေးတစ်ယောက်။ နာမည်က Celine တဲ့။


ဥရောပ ထဲက နိုင်ငံကူး ရထားတစ်စင်းပေါ်မှာ ပထမဆုံး စ ပြီး ဆုံတွေ့ကြတယ်။ သူတို့မှာ မတူညီတဲ့ သွားစရာတွေ ရှိနေတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး အဲ့ဒီ မိနစ်ပိုင်းလေးအတွင်းမှာပဲ အချက် (၂) ချက် ကို သဘောတူခဲ့ကြတယ်။

(၁) ရှေ့တစ်ဘူတာမှာ ရောက်မယ့် Vienna မြို့လေးမှာ သူတို့ ဆင်းကြမယ်။

(၂) တစ်နေ့လုံး တစ်ညလုံး စကားတွေပြောကြမယ်။ လျှောက်သွားကြမယ်။ နောက်နေ့ မနက် မိုးလင်းမှ ကိုယ် သွားချင်တဲ့ နိုင်ငံကို ဆက်သွားမယ်။


အဲ့ဒီတစ်ညလုံး သူတို့ သွားချင်ရာသွားကြတယ်။ စကားအလုံးပေါင်း သောင်းနဲ့ချီပြီး တတွတ်တွတ် ပြောကြတယ်။ နိုင်ငံရေး လူမှုရေး ဒဿန . . အစုံပါပဲ။ သူတို့ လုပ်ချင်ရာတွေ လုပ်ကြတယ်။ မြင်ယောင်ကြည့်ပေါ့။ Jesse သို့မဟုတ် Celine နေရာမှာ ကိုယ်သာဆိုရင် . . ဘယ်လောက် ကဗျာဆန်လိမ့်မလဲ။


နောက်နေ့မနက်မိုးလင်းတော့ . . သူတို့လမ်းခွဲရတော့မယ်လေ။ သွားစရာ လုပ်စရာတွေ ဆက်လုပ်ရတော့မယ်။ ဒါပေမယ့် ဒီတိုင်း လမ်းမခွဲဘူး။ နောက် ခြောက်လ အကြာမှာ ဒီနေရာ ဒီအချိန်မှာပဲ ပြန် တွေ့ကြမယ်လို့ ချိန်းလိုက်ကြတယ်။ တစ်ယောက်ဖုန်း နံပါတ်ကို တစ်ယောက် မယူလိုက်ကြဘူး။ သူတို့ကိုယ် သူတို့ ခြောက်လ အကြာမှာ သေချာပေါက် ပြန်တွေ့မယ်ဆိုတာ လုံးဝ ယုံကြည်နေကြတယ်။


ဒါပေမယ့် . . . .


ဘာလို့ ဒီ အချစ်ဇာတ်လမ်းလေးကို ဒါရိုက်တာက ၁၈ နှစ်တောင် ကြာအောင် ရိုက်ကူးခဲ့တာလဲ?


------------------------------------------------

*Before Sunrise / Before Sunset / Before Midnight *

A review by Min Thu Kyaw

---------------------------------------------


ဒီ ရုပ်ရှင်ကား သုံးကား ဟာ တကယ်ပဲ ၁၈ နှစ် တိတိ ကြာအောင် ရိုက်ကူးခဲ့ပါတယ်။


ပထမဆုံး ကား နာမည်က Before Sunrise တဲ့။ ၁၉၉၅ ခုနှစ်မှာ ထွက်တယ်။


ဒုတိယ ကား နာမည်က Before Sunset တဲ့။ ၂၀၀၄ ခုနှစ်မှာ ထွက်တယ်။


တတိယ ကား နာမည်က Before Midnight တဲ့။ ၂၀၁၃ ခုနှစ်မှာ ထွက်တယ်။


တစ်ကားနဲ့ တစ်ကားကြားမှာ ကိုးနှစ် ကြာတယ်။ အားလုံးပေါင်းရင် ၁၈ နှစ် ကြာတယ်။ တကယ့် ရုပ်ရှင်ထဲက Jesse နဲ့ Celine တို့ရဲ့ အသက်တွေဟာလည်း နောက်ဆုံး ကား ထွက်ပြီးချိန်မှာ ၁၈ နှစ် ကြီးသွားပါတယ်။ တကယ့် အပြင်မှာ လူရဲ့ အသက်အတိုင်းပဲ character တွေကလည်း အသက်ကြီးလာကြတယ်။


ဒီ ကားတွေရဲ့ ဖန်တီးပဲ့ကိုင်ရှင် ဒါရိုက်တာကြီးရဲ့ နာမည်က Richard Linklater တဲ့။ ဒီ ဘဲကြီးက သူ့ရုပ်ရှင်တွေမှာ အချိန်ကို တကယ့် အချိန် အစစ် သုံးရတာ အတော် သဘောကျတဲ့ပုံပဲ။ သူ့ ဇာတ်ရုပ်တွေကို တကယ့် အချိန်အတိုင်း ကြီးပြင်း ပြောင်းလဲလာစေတယ်။ Boyhood ဆိုတဲ့ ရုပ်ရှင်ဆိုရင် အဲ့ဒီ တစ်ကားထဲကို သူရိုက်တာ ၁၂ နှစ် ကြာတယ်။ တကယ့် အပြင်က ၁၂ ဆိုတဲ့ အချိန်အတိုင်းပဲ ဇာတ်လမ်းထဲက အချိန်ကလည်း ၁၂ နှစ် ကြာတယ်။ မိသားစု တစ်စုရဲ့ ၁၂ နှစ် ကြာ ဖြတ်သန်းမှု အတက်အကျ ဘဝဇာတ်ခုံကို တကယ် ပြသွားတာပါ။ မျက်စိရှေ့မှာတင် တစ်မိနစ်ပြီး တစ်မိနစ် ဒီ မိသားစုဟာ အသက် တဖြည်းဖြည်းကြီးလာတယ်။ အတွေးအခေါ်တွေ ပြောင်းလာတယ်။ တကယ့် လူသားအစစ်တွေကို ကြည့်နေသလို အံ့သြစရာကြီး။


Before Trilogy သုံးကားမှာလည်း Jesse နဲ့ Celine တို့ဟာ တစ်ကား ပြီးသွားချိန်မှာ တကယ် ၉ နှစ် ကြာသွားတယ်။ နောက်တစ်ကား ပြီးသွားချိန်မှာ နောက်ထပ် ၉ နှစ် ထပ်ကြာတယ်။ သူတို့ရဲ့ အချစ်တွေဟာ ဘာတွေ ဖြစ်သွားသလဲ . . သူတို့ ဘယ်လိုကွဲသွားသလဲ . . သူတို့ ဘယ်လို ပြန်တွေ့သလဲ . . ကတော့ ရုပ်ရှင်ထဲမှာ ပဲ အသေးစိတ်ကြည့်လိုက်ပါ။ ပထမဦးဆုံး ကျွန်တော် ပြောခဲ့တဲ့ ခြောက်လ အကြာမှာ သူတို့ ပြန်တွေ့ကြမယ်လို့ ချိန်းတဲ့ ကိစ္စကိုလည်း တကယ် ပြန်တွေ့ကြလား မတွေ့ကြဘူးလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ။


ဒါပေမယ့် သေချာတာကတော့ ဒါရိုက်တာကြီး Linklater ရိုက်တဲ့ကားတိုင်းမှာ အဓိက ဇာတ်ကောင်က အချိန်ပဲ။ ဒီအချိန် အစစ်ကြီးရဲ့ ပြောင်းလဲမှုအတိုင်း တကယ် လိုက်ရိုက်နိုင်တဲ့ ဒါရိုက်တာရဲ့ သတ္တိကို အံ့သြတယ်။ မတော်တဆ ဒီ ဇာတ်ကောင်တွေ အလုပ်ထွက်သွားရင် ဘယ်လိုလုပ်မလဲ? မတော်တဆ ဒီဇာတ်ကောင်တွေ accident တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ? သူကိုယ်တိုင်လည်း တစ်ခုခု မဖြစ်နိုင်ဘူးလား? ငွေထုတ်ပေးသူတွေကော စိတ်မပြောင်းသွားနိုင်ဘူးလား? ကြည့်တဲ့ ပရိတ်သတ်ကော တကယ် စိတ်ဝင်စားပါ့မလား? ဒီလောက် အကြာကြီး ရိုက်ပြီးမှ ဂွမ်းသွားရင်ကော?


မေးခွန်းတွေ အများကြီးပါ။ ဒါပေမယ့် သူဟာ သူ သန်မာ ရာ လမ်းကြောင်းအတိုင်း သဝေမတိမ်း ဇွဲကြီးကြီးနဲ့ လိုက်ပါရင်း အချိန်အစစ်တွေ သုံးပြီး ကြာမြင့်စွာ ခက်ခဲစွာ ရိုက်ကူးရတဲ့ ရုပ်ရှင်ကားတွေကို တစ်ဘဝလုံး နှစ်မြုပ်ရိုက်ကူးလျက် ရှိပါတယ်။ ကြာချိန်တွေကလည်း လေး ငါး နှစ် မဟုတ်ဘူး။ ဆယ် နဲ့ ချီတာတွေ ချည်းပဲ။


Before Sunset မှာဆိုရင် ရုပ်ရှင် ကြာမြင့်ချိန်က မိနစ် ၈၀ ရှိတယ်။ တကယ့် အပြင်အချိန် မိနစ် ၈၀ အတိုင်း ဒီကားကို သူရိုက်သွားတယ်။ ဇာတ်ကားတစ်ကားလုံးက မိနစ် ၈၀ အတွင်း ဖြစ်ပျက်သွားတာတွေ ချည်းပဲ။


ဟောဒီ Before Trilogy ကြီးရဲ့ အဓိက မင်းသားကြီး Jesse နေရာမှာ Ethan Hawke သရုပ်ဆောင်ပါတယ်။ အဓိက မင်းသမီးကြီး Celine နေရာမှာ Julie Delpy သရုပ်ဆောင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခွန်အားရှိတဲ့ သဘာဝအရမ်းကျတဲ့ အစစ်အတိုင်း ဖြစ်နေတဲ့ ၁၈ နှစ်ကြာ character တစ်ခုတည်းမှာ နေရဲတဲ့ သရုပ်ဆောင်မှုကို ဒီကား သုံးကားမှာ မြင်ရပါလိမ့်မယ်။


သရုပ်ဆောင် ကောင်းတယ်ဆိုတာ ဘာကိုပြောတာလဲ? အပြင်မှာ တကယ်မပြောတဲ့ စကားတွေ ပြောတာလား? အပြင်မှာ ဘယ်သူမှ မလုပ်တဲ့ မျက်နှာမဲ့ရွဲ့ပြတာမျိုးလား? မဟုတ်ပါဘူး။


Hollywood က သရုပ်ဆောင်နည်းပြ တစ်ယောက် ပြောဖူးတယ်။ Acting is not acting တဲ့။ ဒီနေရာမှာ အမေသေသွားတဲ့အခန်းဆိုရင် အမေ သေရင် ငါ ငိုရမယ်။ နှပ်ချေးထွက်ရမယ်။ လှဲကျသွားရမယ်။ အဲ့ဒီလို အဆင့်လိုက် အကုန်မှတ်ပြီး ကင်မရာရှေ့မှာ လုပ်ပြရတာ မဟုတ်ဘူးတဲ့။ အမေ သေတာကို တကယ်ကြုံရတဲ့ လူတစ်ယောက်က သူ မျက်ရည် တောင် ထွက်ချင်မှ ထွက်မယ်။ သူ ငိုင်ငိုင်ကြီးနေချင် နေမယ်။ သူ မေ့လှဲကောင်း မေ့လှဲမယ်။ သူ မျက်နှာကို လွဲရင်လွဲထားမယ်။ ဘယ်သူမှ မသိနိုင်ဘူး။ သူ့ တကယ့် ခံစားချက် အစစ်က အမေသေသွားတာကို ဘယ်လို တုန့်ပြန်သလဲ . . ဘယ်သူမှ မသိဘူး။


ခင်ဗျားဆိုရင်ကော ဘာဖြစ်မလဲ။ ခင်ဗျားကိုယ်တိုင်လည်း မသိနိုင်ဘူး။ အဲ့ဒီ unseen ခံစားချက်ကြီးကို လုပ်ပြသွားတာကိုမှ သဘာဝ ကျတယ်လို့ သတ်မှတ်နိုင်တယ်။ အဲ့ဒီလို သဘာဝကျအောင် သရုပ်ဆောင်နိုင်ရင် သရုပ်ဆောင်ကောင်းတယ်လို့ အခြေခံအားဖြင့် သတ်မှတ်နိုင်ပါတယ်။


အဲ့ဒါမျိုး တကယ့် ခံစားချက် အစစ်တွေ ထုတ်ပြီး သရုပ်ဆောင်နိုင်အောင် ဘယ်လိုလုပ်လဲ? အဲ့ဒီမှာ သရုပ်ဆောင် ကောင်း မကောင်းက စကားပြောပါတယ်။ အဲ့ဒီပညာကို Hollywood က သရုပ်ဆောင်ကြီးများက နှစ်ကို ဆယ်နဲ့ ချီပြီး သင်ကြားခဲ့ကြပါတယ်။ ဒီကားမှာ Jesse နဲ့ Celine တို့ သရုပ်ဆောင်နေကြတာဟာ ကျွန်တော်တို့ မျက်စိရှေ့မှာ လူအစစ် နှစ်ယောက်ကို တကယ်ကြည့်နေရသလို အင်မတန် သဘာဝကျကြတယ်။ နှစ်တွေ အများကြီးကြာမှ ပြန်တွေ့လို့လည်း ငိုပြဲပြီး ပြေးမဖက်ကြဘူး။ ခွဲခွါရတော့လည်း နှပ်ချေးတွေထွက်ပြီး မငိုကြပြန်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တကယ့်ရင်ထဲက ခံစားချက် အစစ်ကို ဆွဲထုတ်ပြီး အဲ့ဒီ ခံစားချက် အစစ် အတိုင်း သရုပ်ဆောင်သွားကြလို့ပါ။ ဘာ အပို တစ်ခုမှ မလုပ်သွားဘူး။ ဒါကြောင့် ကျွန်တော်တို့ သူတို့ နှစ်ယောက်ကို ယုံကြည်တယ်။ ဒါကိုမှ ဒါရိုက်တာကြီး Linklater ရဲ့ အချိန်အစစ် သုံးရဲတဲ့ ဆုံးဖြတ်ချက်နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ . . အားပါးပါး . . ကမ္ဘာ့အကောင်းဆုံး အချစ်ကားများ စာရင်းတိုင်းမှာ ဒီသုံးကား အမြဲ ပါနေပါတော့တယ်။ မယုံရင် ကြိုက်သလို ဖင်ပြန်ခေါင်းပြန် google ကြည့့်ကြပေါ့ဗျာ။


ဇာတ်ဝင်တေးတွေ ဇာတ်လမ်းရဲ့ အရောင်အသွေးတွေ ကင်မရာယူဆလှုပ်ရှားသွားလာမှုတွေ အထူးသဖြင့် မင်းသား မင်းသမီးတို့ နှစ်ယောက် ပြောနေကြတဲ့ စကားတွေဟာ . . ဇာတ်နဲ့ လိုက်ဖက်တယ်။ သဘာဝကျတယ်။ ချစ်ဖို့ကောင်းတယ်။ ယဉ်ယဉ်ကျေးကျေးပြောရရင် ခမ်းနားတယ်။ ခပ်ရိုင်းရိုင်းပြောရရင် စောက်ရမ်းမိုက်တယ်။


မိတ်ကပ် မဟုတ်တဲ့ တကယ့် အသက်အရွယ် ပြောင်းလဲမှုတွေ မြင်ရမယ်။ လက်တွဲဖြုတ်တော့မှာလား ခွဲခွါကြတော့မှာလား မချစ်တော့ဘူးလား တစ်သက်လုံး ချစ်နေကြမှာပါနော် . . မဟုတ်လောက်ဘူးထင်တယ် . . စ တဲ့ . . လူပီသတဲ့ စိုးရိမ်စိတ်တွေ ဟာ ဒီကားသုံးကား ကြည့်နေတုန်း ကျွန်တော်တို့ ခေါင်းထဲမှာ ဝဲနေမယ့် အတွေးတွေပါ။


အိမ်ဘေးမှာ နေတဲ့ အရမ်းချစ်တတ်တဲ့ အစ်ကိုကြီးနဲ့ အရမ်း ကဗျာဆန်တဲ့ သူ့ကောင်မလေး တို့ရဲ့ ဇာတ်လမ်းကို နေ့တိုင်း မြင်နေရသလို ၁၈ နှစ်ကြာတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ခင်ဗျားတို့ မျက်မြင်ကိုယ်တွေ့ ကြုံရမှာပါ။


ကျွန်တော့်အဖို့တော့ ဒီသုံးကားထဲ အကြိုက်ဆုံးက အလယ်က ကား Before Sunset (2004) ပါပဲ။ ကိုးနှစ်ကြာပြီးသွားချိန်မှာ Jesse နဲ့ Celine တို့ တစ်ယောက်ကို တစ်ယောက် ဖက် မငိုကြဘူး။ ဒီကား ပြီးခါနီးလေလေ သူတို့ ဆက်တွဲမှာလား ကွဲတော့မှာလား စိုးရိမ်စိတ်က မြင့်လာတယ်။ အနည်းဆုံးတော့ ဖုန်းနံပါတ်လေး လှဲကြပါတော့ဟ . . email လောက်တော့ ပို့ကြပါဟ . . ချစ်တယ်လို့ ပြောကြပါတော့ဟ . . လက်ထပ်ခွင့်တွေ ပါတွေ ကောက်တောင်းပစ်ပါတော့ဟ . . ကျွန်တော် တစ်ယောက်ထဲ တိုက်ပွဲတွေ ဝင်နေတော့တယ်။ ဒီကားထဲမှာ မင်းသမီးလေး Celine က Notra Dame ဘုရားကျောင်းကြီးကို လက်ညိုးထိုးရင်း “ one day . . Notra Dame will be gone ” လို့ ပြောသွားတယ်။ ဒီလောက် ခိုင်မာပြီး ကမ္ဘာ့အမွေအနှစ်တွေပြည့်နေတဲ့ ပြင်သစ်ပြည်က ဘုရားကျောင်းကြီး . . ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မလဲဗျာ။ ကျွန်တော်တို့ တွေးခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာခင်ကပဲ Notra Dame ကြီး မီးလောင်သွားရှာတာ တစ်ကမ္ဘာလုံး ဝမ်းနည်းပက်လက် မြင်ခဲ့ရတယ်။


ထားပါတော့လေ။ ကျွန်တော် ဒီ အချစ်စာကို အဆုံးသတ်တော့မယ်။


မြင်ယောင်ကြည့်ပေါ့ဗျာ။ ခင်ဗျားကိုယ်တိုင်သာ ဥရောပ နိုင်ငံ တစ်နိုင်ငံပေါ်က ရထားပေါ်မှာ ကောင်လေး သို့မဟုတ် ကောင်မလေး ချောချော တစ်ယောက်ကို မြင်သွားမယ်။ ဒါမှမဟုတ်လည်း ကျောင်းကန်တင်း တစ်ခုမှာ ဖြစ်မှာပေါ့။ ဒါမှ မဟုတ်လည်း ပွဲတစ်ပွဲမှာ ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း facebook ပေါ်မှာ ဖြစ်မှာပေါ့။ ဒါမှ မဟုတ်လည်း ခရီးသွားရင်း ဖြစ်မှာပေါ့။ ခင်ဗျား သူ့ကို စကားသွားပြောမယ်။ နောက်တော့ ခင်ဗျားမိဘတွေ သူငယ်ချင်းတွေ ဆွေမျိုးတွေ အလုပ်ကိစ္စတွေ စတဲ့ ချိန်းဆိုထားတာ အားလုံးကိုမေ့ပြီး သူနဲ့အတူတူ လုပ်ချင်ရာ လျှောက်လုပ်ကြတယ်။


ပိုရင်ခုန်ဖို့ကောင်းတာက အဲ့ဒီနေ့လေးဟာ ခင်ဗျား တစ်ဘဝလုံးကို အကြီးအကျယ် ပြောင်းလဲပစ်မယ့် နေ့ကလေး ဖြစ်လာမယ်။ သူကလေးဟာ ခင်ဗျား ရဲ့ နှစ် ၆၀ - ၇၀ ကျော် ကြာမယ့် ဘဝထဲကို ၂၄ နာရီလောက်နဲ့ ဝုန်းခနဲ ရောက်ချလာမှာ။ ရင်ထဲ နွေးထွေးစရာကြီး။


အချိန်ထက် ပိုလှတဲ့ ပန်းအမျိုးအစား ဒီကမ္ဘာမှာ မရှိလောက်ဘူးထင်တယ်။ ဒီ ပန်းကလေးကို ဒါရိုက်တာကြီး Linklater က သူ့ ရုပ်ရှင်သုံးကားရဲ့ ဦးခေါင်းထက်မှာ ပန်ဆင်ပေးထားတယ်။ ပန်းကလေးတွေနားမှာ Jesse နဲ့ Celine ဆိုတဲ့ ပျားလေး နှစ်ကောင် ရစ်ဝဲနေတာ ဒီနေ့နဲ့ဆို ၁၈ နှစ် ရှိပါပြီ။


ကဲ . . ခင်ဗျား ဘာလုပ်မှာလဲ???


_________________________

မောက်ခမ်းဝါ


#MKWah_film_review

Popular posts from this blog

အိမ်ရှင်မတို့အတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅)မျိုး

(လက်ဖက်ချဉ်စပ်နှပ်) လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ (လက်ဖက်အညွှန့်နှပ်) လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက် အချိုမှုန့် ဆီထည့်ကာစိမ်ပါ။ (ငရုတ်လက်ဖက်နှပ်) ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ။ (လက်ဖက်အညက်နှပ်) လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ။ #လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ ထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ။ Credit original uploader 

Bali, Indonesia 🖤